0
(အပိုင်း-၁)
 ဒီကနေ့တော့ အင်တာနက် ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်း (Smart Phone) နှင့် သင်ပုန်း (Tablet) တို့ရဲ့ အခြေခံ အသုံးပြုနည်းကို ပြန်စကြလိုက်ရအောင်ပါ။ ခေတ်ပေါ် မိုဘိုင်းဖုန်းနဲ့ သင်ပုန်းတို့ကို ခုမှ စသုံးတဲ့သူတွေအတွက် ရည်ရွယ်တာပါ။

စာရေးသူ ရေးတင်ထားတဲ့ ပို့စ်အများစုကို နားလည်သလိုလိုနဲ့ တကယ် နားမလည်ဘူးလို့ မိတ်ဆွေတစ်ဦးက စပြီး ကွန်ပလိန်း တက်လာတယ်။ မိတ်ဆွေရဲ့ ဆိုလိုရင်းက ဖုန်းနဲ့ သင်ပုန်းတွေရဲ့ ဝေါဟာရ အသုံးအနှုန်းကို နားမလည်တော့ ဘယ်လို ဆက်လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်တဲ့။ သူ့အထင် ပို့စ်တွေ နည်းနည်း မြင့်နေသလားလို့ပါတဲ့။ ကွန်ပျူတာ ပေါ်ခါစတုန်းက သင်ပေးတဲ့ ကွန်ပျူတာရဲ့ အခြေခံပုံစံလို ဖုန်းနဲ့ သင်ပုန်း သုံးပုံ သုံးနည်း အခြေခံအဆင့်ကိုပဲ ရေးတင်ပေးပါလို့ တောင်းဆိုတယ်။

သို့ဖြစ်၍လည်း အခြေခံသမားတွေကို ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးတင်တာပါ။ ဖုန်းနဲ့ သင်ပုန်းရဲ့ အခြေခံ အသုံးပြုနည်းကို ရှင်းပြတဲ့အခါမှာ အဆင့် (၃) ဆင့်နဲ့ ခွဲပြီး ရှင်းသွားမှာပါ။ ပထမအဆင့်ကို မိုဘိုင်းဖုန်းရဲ့ အခြေခံ၊ ဒုတိယအဆင့်မှာ 0S လို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ်ရဲ့ အခြေခံ အကြောင်းတို့ကို မိတ်ဆက်ပေးပြီးမှ တတိယအဆင့်ဖြစ်တဲ့ မိုဘိုင်းဖုန်းနှင့် သင်ပုန်းရဲ့ အသုံးပြုနည်း အခြေခံကို နောက်ဆုံးအနေနဲ့ ရှင်းလင်းသွားမှာပါ။

ပထမအဆင့်
သွားလေရာ ကိုယ်နဲ့မကွာ ယူဆောင်သွားနိုင်တဲ့ ဖုန်းကို မိုဘိုင်းဖုန်း (Mobile Phone) လို့ ခေါ်တယ်။ မြန်မာတွေက လက်ကိုင်ဖုန်း (Hand Phone) လို့ ခေါ်ကြပြီး၊ နိုင်ငံတကာက ဆဲလ်ဖုန်း (Cell Phone) လို့ သုံးနှုန်းတယ်။ မိုဘိုင်းဖုန်းကိုပဲ အင်တာနက်နဲ့ ချိတ်ဆက်ပြီး အသုံးပြုလို့ရအောင် အဆင့်ထပ်မြှင့်လိုက်တဲ့အခါ စမတ်ဖုန်း (Smart Phone) လို့ ပြောင်းခေါ်တယ်။ ဒါကြောင့်လည်း အင်တာနက် အသုံးပြုလို့ရတဲ့ မိုဘိုင်ဖုန်း မှန်သမျှကို စမတ်ဖုန်းလို့ ခေါ်ကြတာပါ။

မိုဘိုင်းဖုန်းရဲ့ ပင်တိုင်လုပ်ဆောင်ချက်က ဖုန်းခေါ် (call) ဖို့ပါ။ ဖုန်းခေါ်ဆိုနိုင်ဖို့ ကွန်ရက်-လို့ခေါ်တဲ့ နက်ဝေါ့ (Network) နဲ့ ချိတ်ဆက်ရတယ်။ နက်ဝေါ့ကို ချိတ်ဆက်ဖို့ရာ မိုဘိုင်း ဟန်းဆက် (Hand Set) ထဲမှာ ဆင်းကဒ် (Sim Card) ထည့်ရတယ်။ ဆင်းကဒ် (Sim Card) မှာ ရှိတဲ့ ကုဒ်နံပါတ် (Code Number) က ဖုန်းခေါ်ဆိုခြင်းကို လုပ်ဆောင်ပေးတယ်။ ဆိုလိုတာက မိမိမှာ ရှိတဲ့ ဆင်းကဒ် (Sim Card) ရဲ့ ကုဒ်နံပါတ်နဲ့ သူများဆီမှာ ရှိတဲ့ ဆင်းကဒ် ကုဒ်နံပါတ်တို့ အချင်းချင်း ချိတ်ဆက်ကြတယ်။

စမတ်ဖုန်း (ဟန်းဆက်+ ဆင်းကဒ်) နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက် ပုံစံ

ဥပမာနဲ့ ထပ်ရှင်းရရင်- သင့်မှာ Nokia အမျိုးအစား ဟန်းဆက် (Hand Set - ဖုန်းအိမ်) တစ်လုံး ရှိနေတယ် ဆိုပါစို့။ ဖုန်းကိုင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ဆီကို အဆက်အသွယ် လုပ်ချင်တယ်။ ဒါဆိုရင် ဆင်းကဒ် (Sim Card) တစ်ခု မဖြစ်မနေ ၀ယ်ရတော့မယ်။ ဂျီအက်စ်အမ်၊ စီဒီအမ်အေ ဆင်းကဒ် (GSM Sim Card) တစ်ခုခု ၀ယ်လာတယ်။ ဒီဆင်းကဒ်မှာ သတ်မှတ်ထားတဲ့ ကုဒ်နံပါတ် အသင့်ရှိနေပြီးသားပါ။ ကုဒ်နံပါတ်ကို ဆင်းကဒ်ရောင်းချတဲ့ ကုမ္ပဏီက စီမံခန့်ခွဲပေးရတယ်။ မြန်မာပြည်မှာဆို မြန်မာ့ဆက်သွယ်ရေးက စီမံပေးတယ်။ စီမံခန့်ခွဲပေးတာကို အော်ပရေတာလို့ ခေါ်တယ်။ ဆင်းကဒ် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နိုင်ဖို့ အော်ပရေတာ စီစဉ်ပေးရတယ်။ အချိတ်အဆက် လေလှိုင်း အဆက်မပြတ်ရအောင် ၅-မိုင်ထက် မဝေးတဲ့ တာဝါတိုင်တွေကိုလည်း ထောင်ပေးရတယ်။ ၀ယ်လာတဲ့ ဆင်းကဒ်ကို Nokia ဖုန်းအိမ်ထဲ ထည့်လိုက်တဲ့အချိန်မှာပဲ သင်ရဲ့ဖုန်းကို အော်ပရေတာဆီ တန်းရောက်သွားမယ်။ (သတ်မှတ်တဲ့ ဧရိယာထဲမှာ ဖုန်းက ရှိနေမှနော်။) အော်ပရေတာက လိုင်းဖွင့် (Activate) ပေးတာနဲ့ သင့်ရဲ့ဖုန်းက အလုပ်လုပ်လို့ ရပါပြီ။ သူငယ်ချင်းဆီ လှမ်းပြီး ဖုန်းခေါ်လို့ ရပြီပေါ့။ ဖုန်းတစ်လုံးရဲ့ အခြေခံ လုပ်ငန်းက ဒါပါပဲ။

ဒါပေမယ့် မိုဘိုင်းဖုန်း သုံးစွဲတဲ့သူတွေရဲ့ တောင်းဆိုချက်အရကော၊ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကြံဆချက်အရပါ ဖုန်းခေါ်ဆိုရုံသက်သက် တီထွင်ထားတဲ့ ဖုန်းဟာ တစ်ဆင့်ချင်း အဆင့်မြင့်လာတယ်။ ရိုးရိုးသုံး မိုဘိုင်ဖုန်းကနေ အင်တာနက်သုံး စမတ်ဖုန်းအဖြစ်သို့ ပြောင်းလဲလာတယ်။ ဒါကြောင့်လည်း Hand Set (ဖုန်းအိမ်) ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကီးပက် (Key Pad) ခလုတ်နဲ့ နှိပ်ရတဲ့ သာမန်အမျိုးအစားကနေ တို့ထိမျက်နှာပြင် (Touch Screem) ဖုန်းအိမ် အမျိုးအစားသို့တိုင် တီထွင်ထုတ်လုပ်ခဲ့ကြတယ်။ ထို့အတူ ဆင်းကဒ်ကို စီမံခန့်ခွဲတဲ့ ကွန်ရက် ကုမ္ပဏီတွေကလည်း သာမန်စကားပြောရုံသာ ရတဲ့ လိုင်းကနေ မြန်နှုန်းမြင့် သရီး-ဂျီ (3-G) လိုင်းတို့တိုင် အပြိုင် တီထွင်ခဲ့ကြတယ်။

ဒီနေရာမှာ သတိထားရမှာက- မိုဘိုင်ဖုန်းလို့ ဆိုလိုက်တာနဲ့ ဟန်းဆက် (Hand Set- ဖုန်းအိမ်) နဲ့ ဆင်းကဒ် (Sim Card) ဆိုပြီး ၂-ခု တွဲမြင်ရမယ်။ ဟန်းဆက် အဆင့်မြင့်ပေမယ့် ဆင်းကဒ်ကို စီမံခန့်ခွဲတဲ့လိုင်းက အဆင့်နိမ့်နေရင်၊ ဒါမှမဟုတ် ဆင်းကဒ်ကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီက လိုင်းကို သရီး-ဂျီ (3-G) အထိ တိုးမြှင့်ထားပေမယ့် ဟန်းဆက်က အဆင့်နိမ့်နေရင် ၂-ခုလုံး အသုံးမ၀င်တော့ဘူး။ စကားပြောရုံ၊ ဖုန်းဆက်ရုံကလွဲရင် ဘာမှ လုပ်လို့ မရတော့ဘူး။

ကဲ ၂-ခုလုံး အဆင့်မြင့်တဲ့ အကြောင်း ပြောကြရအောင်ပါ။ ဒါမှ အင်တာနက်နဲ့ ချိတ်ဆက်လို့ ရမှာကိုး။ ဆင်းကဒ် အဆင့်မြင့်တဲ့အကြောင်း မပြောခင် အဆင့်မြင့်တဲ့ ဟန်းဆက် အကြောင်းကို စလိုက်ရအောင်။ ဟန်းဆက်ကို စမတ်ဖုန်းလို့ ခေါ်ရင် အဆင့်မြင့်ပြီလို့ သတ်မှတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ အင်တာနက် အသုံးပြုနိုင်လို့ပဲ။

3-G စနစ် ဆင်းကဒ်နဲ့ သုံးထားတဲ့ ဘလက်ဗာရီ စမတ်ဖုန်း

စမတ်ဖုန်း (Smart Phone)
ဟန်းဆက်တစ်လုံး စမတ်ဖုန်းထဲ အကျုံးဝင်/ မ၀င်။ စမတ်ဖုန်း ဖြစ်/ မဖြစ်ကို အောက်ပါ အချက်အလက်များနဲ့ ညှိနှိုင်းကြည့်ပါ-
1. Wi-Fi = အင်တာနက်ကို ၀ါယာလက် (ကြိုးမဲ့) ကနေ တစ်ဆင့် သုံးနိုင်ဖို့ ၀ိုင်ဖိုင် (Wi-Fi) ပါရပါ့မယ်။
2. Battery Back up = အင်တာနက်ကို သုံးတာနဲ့ တစ်ပြိုင်နက် ဓာတ်ခဲ တအားစားတယ်။ ဒါကြောင့်လည်း အသုံးခံတဲ့ ဘက္ထရီကောင်းကောင်း လိုတယ်။
3. Ram = မမ်မိုရီကို အနည်းဆုံး 512 MB ရှိသင့်ပါတယ်။ ဒါမှ အင်တာနက်ကို အသုံးပြုတဲ့အခါ ကောင်းမွန်စွာ လည်ပတ်ပေးမှာပါ။
4. Bluetooth / Port = သတင်းအချက်လက်များကို ကူးပြောင်းဖို့ရာ အနည်းဆုံး USB အပေါက် ပါဝင်သင့်တယ်။ ဒီအစား Bluetooth ရှိလည်း ဖြစ်ပါတယ်။
5. 3-G = သရီး-ဂျီစနစ် ပါဝင်ရင်တော့ ရှယ်ပေါ့။ ဒါပေမယ့် GPRS ဖြစ်ဖြစ် EDGE (အက်ဂျက်) စနစ်ဖြစ်ဖြစ် ပါဝင်လည်း မဆိုးသေးပါဘူး။ (မြန်မာပြည်ကမှ သရီး-ဂျီ မရသေးတာ။)
6. GPS = မြေပုံကို ညွှန်ပြပေးတဲ့ လမ်းညွှန်စနစ် ပါရပါ့မယ်။
7. Camera= ဓာတ်ပုံရိုက်တဲ့ နောက်ကင်မရာ မရှိတောင်မှ ရှေ့ဘက်က ၀က်ကမ် (Web-cam) ကင်မရာ ရှိသင့်ပါတယ်။
8. OS = စက်လည်ပတ်မှုစနစ်ကို အန်ဒရွိုက် (Android) ဖြစ်ဖြစ်၊ အိုင်အိုအက်စ် (iOS) ဖြစ်ဖြစ်၊ ၀င်းဒိုး (windows) ဖြစ်ဖြစ် ဒီစနစ် ၃-ခုထဲက တစ်ခုခု ဖြစ်နေရပါ့မယ်။

သင့်ရဲ့ မိုဘိုင်ဖုန်းက ကီးပက်ခလုတ်နဲ့ နှိပ်ရတဲ့ အမျိုးအစားမို့ စမတ်ဖုန်းထဲ စာရင်း မ၀င်ဘူးလို့ ပုံသေ မတွက်ပါနဲ့။ ခေတ်မီတဲ့ BlackBerry စမတ်ဖုန်းဆို ခုထိ ကီးပက် သုံးဆဲပါ။ သင့်ရဲ့ဖုန်းက တို့ထိမျက်နှာပြင် အမျိုးအစား။ ဒါပေမယ့် ဖော်ပြခဲ့တဲ့ အချက် (၈) ချက်နဲ့ မညီဘူးဆိုရင်လည်း စမတ်ဖုန်းထဲ မထည့်ပါနဲ့ဦး။ စမတ်ဖုန်းက အမျိုးအစားစုံ ရှိတယ်။ တံဆိပ်အမှတ်အသား ဖြစ်တဲ့ Nokia, Samsung, HTC စတဲ့ (Branch) တွေနဲ့ မသက်ဆိုင်ပါ။ အထက်ဖော်ပြပါ အချက်အလက် ၈-ချက်နဲ့သာ တိုင်းထွာလိုက်ပါ။ ညီရင် စမတ်ဖုန်း ဖြစ်ပြီပေါ့။

ဆင်းကဒ် (Sim Card)
 ဆင်းကဒ် (Sim Card) ဆိုတာ Subscriber Identity Module (SIM) ကနေ လာတာပါ။ “အသုံးပြုသူများ သက်သေခံ အစိတ်အပိုင်း ကတ်ပြား” လို့ ဘာသာပြန်ရမယ် ထင်တယ်။ မိုဘိုင်ဖုန်းရဲ့ ကွန်ရက်ကို ချိတ်ဆက်ပေးတဲ့ စနစ်တစ်ခုလို့လည်း ပြောလို့ ရတယ်။ ဆင်းကဒ်ကို ရပြီး သင့်တော်တဲ့ ဟန်းဆက်တစ်လုံးမှာ ကောက်ထည့်ရုံနဲ့ အသုံးပြုလို့ မရသေးပါ။ ဆင်းကဒ်ကုမ္ပဏီ (ဆက်သွယ်ရေး) က အက်တစ်ဗိတ် (Activate) လုပ်ပေးပြီးနောက်မှသာ အသုံးပြုလို့ ရတယ်။ အသုံးပြုလို့ ရတယ်ဆိုပေမယ့် ကုမ္ပဏီနဲ့ ဆင်းကဒ်သုံးသူ သဘောတူထားတဲ့ မူအတိုင်းသာ ဖုန်းကို အသုံးပြုလို့ ရမယ်။ ဥပမာ- ဖုန်းဆက်ရုံလေး သဘောတူထားရင် ဖုန်းဆက်ရုံလေးပဲ ရမှာပါ (ဖုန်းဆက်၊ အတိုကောက် မက်ဆေ့ဂ်ျ ပို့တာတို့လောက်ပေါ့)။ အင်တာနက်ပါ အသုံးပြုမယ်ဆို ဘယ်ပက်ကေ့စ်နဲ့ (၁၂၈-ကေဘီ အမြန်နှုန်း၊ တစ်လကို ၅-ဂျီဘီအထိ) သုံးမယ်ဆိုတာမျိုး ညှိနှိုင်းရသေးတယ်။

နာမည်ကြီးနေတဲ့ ပရီပေး (Pre-Paid) သုံး ဆင်းကဒ် ပုံစံ

ပြီးတော့ ကြိုတင်ငွေဖြည့်တဲ့ ပရီပေး (Pre-paid-ကြိုပေး) စနစ်၊ လစဉ်ပေး (Post-paid-သုံးပြီးမှ လစဉ်ပေး) စနစ်ဆိုပြီး စနစ် ၂-မျိုးနဲ့ သုံးကြတယ်။ ကြိုတင်ငွေဖြည့်တဲ့ ပရီပေးစနစ်မှာ သုံးစွဲသူ ကြိုထည့်တဲ့ ငွေပမာဏပေါ် မူတည်ပြီး အင်တာနက် သုံးရ/ မရ ဆိုတာလည်း ကွဲသေးတယ်။ ဥပမာ- ငွေကျပ် ၁၀၀၀ (တစ်ထောင်) လောက်ပဲ ဖြည့်ရင် ဖုန်းပဲ ပြောလို့ ရမယ်။ အင်တာနက် သုံးလို့ မရဘူး။ ငွေကျပ် ၁၀၀၀၀ (တစ်သောင်း) ဖြည့်ထားရင် အင်တာနက်ပါ သုံးလို့ရတယ်၊ ဒါပေမယ့် ငွေကျပ် ၁၀၀၀ (တစ်ထောင်) အောက် လျှော့သွားရင် အင်တာနက် အလိုလို ပိတ်သွားတယ်-ဆိုတဲ့ အော်တိုမေတစ်စနစ်လည်း ရှိပါသေးတယ်။ ပြီးတော့ ကန့်သတ်ချက်နဲ့ အင်တာနက်ကို ၀ယ်သုံးထားပြီး ဖုန်းပြောဆိုခနဲ့ မသက်ဆိုင်တဲ့ စနစ်လည်း ရှိသေးတယ်။ ဥပမာ- အင်တာနက်အတွက် တစ်လ ၃၅၀၀ (သုံးထောင်ငါးရာ) ပုံမှန် ကြိုတင် ငွေဖြည့်ထားရမယ်။ မိမိက ငွေကျပ် ၁၀၀၀၀ (တစ်သောင်း) ဖြည့်လိုက်တယ် ဆိုပါစို့။ အင်တာနက် တစ်လစာအတွက် စက်က အလိုလို ၃၅၀၀ (သုံးထောင်ငါးရာ) နှုတ်လိုက်ရင် ကျန်တဲ့ ၆၅၀၀ (ခြောက်ထောင်ငါးရာ) က မိမိဖုန်းပြောဆိုခအတွက် ဖြစ်သွားမယ်။ ဒါက နိုင်ငံတကာ စနစ်ပါ။

 မြန်မာပြည်မှာတော့ ဆင်းကဒ်ရဲ့ ကွန်ရက်-၀န်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးကပဲ ကိုင်ပါတယ်။ (ခုတော့ ကုမ္ပဏီလေးခုကို ချပေးမယ်လို့ သိရတယ်။) အရင်တုန်းက ဖုန်းဆက်ရုံလေးသာ အသုံးဝင်တာပါ။ ဒါပေမယ့် ခုသုံးလေးနှစ်အတွင်း အင်တာနက်ကိုပါ ချိတ်ဆက်ပြီး အသုံးပြုလို့ ရလာပြီ။ အင်တာနက်ကို အသုံးပြုချင်ရင် အပိုငွေ ကျပ် ၁၀၀၀၀ (တစ်သောင်း) ထပ်ဆောင်းပြီး ဆက်သွယ်ရေးကို ဖွင့်ခိုင်းရတယ်။ အင်တာနက် ဖွင့်သုံးတိုင်း အင်တာနက်ကြေးကို GSM အတွက် ၁-မိနစ် ၂-ကျပ်နှုန်း၊ CDMA 800 အတွက် တစ်မိနစ် ၄-ကျပ်နှုန်း ကြိုတင်ဖြည့်ထားတဲ့ (ပရီပေး) ငွေပမာဏကနေ နှုတ်ယူတယ်လို့ သိရပါတယ်။ ကြိုတင်ငွေဖြည့်ကတ်ကလည်း ကျပ် ၁၀၀၀၀ (တစ်သောင်း) အောက် မရှိဘူးလို့ သိရပါတယ်။ အင်တာနက် ၀န်ဆောင်မှုကိုတော့ GPRS လား EDGE (အက်ဂျက်) စနစ်လားတော့ စာရေးသူ အသေအချာ မသိသေးပါ။ (ဖုန်းနဲ့ အင်တာနက် အသုံးပြုသူရဲ့ အပြောအရတော့ GPRS စနစ်လို့ သိရပါတယ်။) 3-G စနစ် မဟုတ်သေးတာတော့ သေချာတယ်။ မြန်နှုန်းကလည်း 128 kb လို့ ပြောပေမယ့် စာရေးသူ သုံးတဲ့အချိန်က 56 kb ပဲ ပြပါတယ်။

ကြိုတင် ငွေဖြည့်ရတဲ့ ပရီပေး (Pre-Paid) စာရွက် အမျိုးမျိုး

ကနေ့ခေတ်မှာတော့ ဆင်းကဒ်နဲ့ အင်တာနက် ၀န်ဆောင်မှုကို တစ်ပါးတည်း တွဲထားကြတယ်။ ဆင်းကဒ်ကို (၀ယ်) ယူတာနဲ့ သရီး-ဂျီ ဆင်းကဒ်ကို တန်းထိုးပေးတတ်တယ်။ ဘယ်ပက်ကေ့စ် သုံးမလဲ မေးတယ်။ (၀ယ်) ယူတဲ့ ဆင်းကဒ်ပေါ် မူတည်ပြီး တစ်ချို့ ကုမ္ပဏီတွေက အခမဲ့ တစ်လ အသုံးပြုခွင့် ပေးတယ်။ အချို့ကား ၃-လကြီးများတောင်။ ဆင်းကဒ်နဲ့ အင်တာနက် သုံးရတာမို့လို့ ဖုန်းလိုင်း ၀င်တဲ့ နေရာတိုင်းမှာ (ဖုန်းဆက်လို့ ရတဲ့ နေရာမှန်သမျှ) အင်တာနက်ကို သုံးလို့ ရတယ်။ အဲ… ဆင်းကဒ်က သရီး-ဂျီ ဖြစ်နေပြီး သင့်ရဲ့ ဟန်းဆက်က စမတ်ဖုန်း ဖြစ်မနေရင်လည်း 3-G ဆင်းကဒ်က အသုံးမ၀င်ပါဘူးနော်။

မိုဘိုင်ဖုန်းတွင်းရှိ ဆင်းကဒ်ကနေ အင်တာနက် သုံးတာ တအားဈေးကြီးတယ်။ ကြီးတာလည်း ပြောမနေနဲ့။ နိုင်ငံတကာရဲ့ သရီး-ဂျီ (3-G) စနစ်က ရွှတ်ကနဲ ရွှတ်ကနဲ တအားမြန်တယ်လေ။ ဗီဒီယို၊ ရုပ်ရှင်တွေဆို အထစ်အငေါ့ မရှိ တိုက်ရိုက်ကြည့်နိုင်တယ်။ အဲ…ငွေစားတဲ့နှုန်းကလည်း သရဲသဘက်လိုပဲ။ ဒေါ်လာ ၁၀ နဲ့ ညီမျှတဲ့ အင်တာနက်ကြေးကို မိနစ်ခြောက်ဆယ်အတွင်း ပြိုက်ကနဲပဲ။ တွက်ချက်ကြည့်ရင် တစ်မိနစ်ကို မြန်မာငွေ ကျပ်-၅၀ လောက် သွားကျနေတယ်။ ဒီတော့ ဘတ်ဂျက်ကို ချွေတာဖို့ ဆိုရင် Wi-Fi (၀ိုင်ဖိုင်) စနစ်နဲ့ အင်တာနက်ကို ပြောင်းသုံးရမှာပါ။

Wi-Fi (၀ိုင်ဖိုင်) စနစ်
စမတ်ဖုန်းတိုင်းမှာ Wi-Fi (၀ိုင်ဖိုင်) ပါမြဲ ဖြစ်တယ်။ Wi-Fi (၀ိုင်ဖိုင်) ဆိုတာ အချိတ်အဆက်ကို လက်ခံတဲ့ စနစ်တစ်ခုကို ဆိုလိုတာပါ။ အဓိပ္ပါယ် အပြည့်အစုံက “အင်တာနက်နဲ့ ကွန်ရက်ကို ရေဒီယိုလှိုင်းဖြင့် သယ်ယူပို့ဆောင်ပေးတဲ့ မြန်နှုန်းမြင့် ကြိုးမဲ့ ဆက်သွယ်ရေးစနစ်” ပါ။ “ကြိုးမဲ့နဲ့ အင်တာနက်ကို လက်ခံတဲ့ စနစ်”လို့ ပြောရင် လူတွေ ပိုပြီး နားလည်ကြတယ်။ Wi-Fi ရဲ့ အတိုကောက် စာလုံးပေါင်းက Wireless Fidelity ဖြစ်ပြီး၊ (WLAN) လို့လည်း ခေါ်ကြပါသေးတယ်။

ဝိုင်ဖိုင် စနစ်ကို လက်တော့ပ် ကွန်ပျူတာကနေ စတင် အသုံးပြုခဲ့ပေမယ့် ကနေ့တော့ စမတ်ဖုန်းတွေနဲ့ သင်ပုန်းတွေမှာ မပါမဖြစ် ကိရိယာတစ်ခု ဖြစ်လို့နေပါပြီ။ ၀ိုင်ဖိုင်စနစ် ရိုရုံနဲ့ အင်တာနက် (သို့မဟုတ်) အခြားကွန်ရက် တစ်ခုခုနဲ့ အဆက်အသွယ် မိပြီလို့ မဆိုလိုပါ။ ၀ိုင်ဖိုင်စနစ်ကို ထုတ်လွင့်ပေးတဲ့ အခြားဆက်သွယ်ရေးကိရိယာ တစ်ခု လိုအပ်ပါသေးတယ်။ ဒီကိရိယာကို ၀ိုင်ယာလက် ရော့(က်)တာ (Wireless Router) လို့ ခေါ်တယ်။ ၀ိုင်ယာလက် ရော့(က်)တာ (Wireless Router) ကလည်း သူ့ချည်းသက်သက် ကြိုးမဲ့စနစ်ကို လွင့်ပေးလို့ မရပြန်ဘူး။ အင်တာနက်ကို ချိတ်ဆက်ထားတဲ့ ဖုန်းကြိုးကနေ ဆက်သွယ်ထားတဲ့ DSL သို့မဟုတ် Cable Moden ကွန်ရက်နဲ့မှ ၀ိုင်ယာလက်ကို လွင့်ပေးနိုင်တယ်။ ဒီအဆင့်ရောက်မှ လွင့်ပေးတဲ့ ၀ါယာလက်ကို ၀ိုင်ဖိုင်က လက်ခံ ရယူနိုင်တယ်။ ၀ိုင်ဖိုင်ကို ဖွင့်ပြီး အင်တာနက်ကို သုံးလို့ ရတယ်။ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ (အင်တာနက်သုံး) ဆင်းကဒ်လိုပဲ ၀ိုင်ဖိုင်ဖွင့်ထားပြီး ဖုန်း ဆက်နိုင်တယ်။ အီမေးလ် ပို့နိုင်တယ်။ အင်တာနက် ဘရောက်ဆာတွေကို ဖွင့်ပြီး သုံးနိုင်တယ်ပေါ့။

Wi-Fi ကို လွင့်ထားတဲ့ Router တစ်လုံးရဲ့ ပုံစံ

သင်ပုန်း (Tablet)
အက်ပယ်ကုမ္ပဏီထုတ် အိုင်ပက် (iPad) အပါအ၀င် အပြားကြီး တစ်ချပ်သာ ပါတဲ့ ကွန်ပျူတာ အသေးစားကို တက်ဘလက် (Tablet) သင်ပုန်းလို့ ခေါ်ကြတယ်။ ကလေးတွေ သုံးတဲ့ ကျောက်သင်ပုန်းလို ဘောင်ကွပ်ထားတဲ့ အပြားကြီး တစ်လွှာထဲမို့ သင်ပုန်းလို့ မြန်မာတွေက သမုတ်လိုက်ပုံ ရပါတယ်။ တက်ဘလက် (Tablet) သင်ပုန်းရဲ့ အမျိုးအစားတွေက စုံသမှ စုံပါ့။ Samsung, Sony, Dell, Acer မှသည် HTC, Micro Max များမှများ။ ကွန်ပျူတာနဲ့ ဖုန်းကို ထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းလိုလိုက တက်ဘလက် (Tablet) သင်ပုန်းကို ထုတ်လုပ်ကြတယ်။

တက်ဘလက် (Tablet) သင်ပုန်း အပြားကြီးကို အကြမ်းဖျဉ်းအနေနဲ့ ၂-မျိုး ရှိတယ်လို့ သတ်မှတ်ကြတယ်။
(၁) ဆင်းကဒ် + ၀ိုင်ဖိုင် ၂-မျိုးလုံး ပါတဲ့ သင်ပုန်း။
(ဆင်းကဒ်+ ၀ိုင်ဖိုင် ပါတဲ့ သင်ပုန်းကို 3-G+Wi-Fi (သို့မဟုတ်) Cellular+Wi-Fi လို့ ခေါ်တယ်။)
(၂) ဆင်းကဒ်မပါဘဲ ၀ိုင်ဖိုင် (Wi-Fi) သက်သက်သာ ပါတဲ့ သင်ပုန်း။

နံပါတ် (၁) သင်ပုန်း အမျိုးအစားမှာ ဆင်းကဒ် ထည့်ပြီး သုံးရင် စမတ်ဖုန်း တစ်လုံးနဲ့ ချွတ်စွတ်ပဲ။ ဖုန်းက အရွယ်အစားသေးတယ်၊ သင်ပုန်းက ကြီးတယ်၊ ဒါပဲ ကွာခြားတယ်။ ဖုန်းလို့ ခေါ်တဲ့ အိုင်ဖုန်းနဲ့ သင်ပုန်းလို့ ခေါ်တဲ့ အိုင်ပက်ကိုပဲ နမူကြည့်ပါ။ အင်တာနက်ကို သုံးတဲ့အခါမှာ ဖုန်းရယ်၊ သင်ပုန်းရယ်ဆိုပြီး သုံးစွဲနည်း မကွဲတော့ဘူး။

ဒုတိယအဆင့်
ဒုတိယအဆင့်ကို အိုအက်စ် (OS) လို့ခေါ်တဲ့ စမတ်ဖုန်းနဲ့ သင်ပုန်းထဲက စက်လည်ပတ်မှု စနစ် အကြောင်းကို ရှင်းသွားမှာပါ။ ဖုန်းနဲ့ သင်ပုန်းမှာ လည်ပတ်နေတဲ့ စက်ရဲ့စနစ် အိုအက်စ် (OS) ကို အမျိုးအစား ခွဲလိုက်ရင် သုံးမျိုးထဲပါ- 
1. iOS
2. Android OS
3. Windows OS - တို့ ဖြစ်ပါတယ်။

1. iOS
အပ်ပယ်လ်ကုမ္ပဏီတစ်ခုသာ ပင်တိုင် သုံးတဲ့ စက်လည်ပတ်မှု စနစ်။ ဥပမာ- အိုင်ဖုန်း (iPhone) နဲ့ အိုင်ပက် (iPad) မျိုးစုံတွေမှာ သုံးတဲ့ စနစ်။ အိုင်ပေါ့ (iPod) မှာလည်း သုံးတယ်။ ဒါပေမယ့် ဒီဟာက ဖုန်း မဟုတ် သင်ပုန်း မဟုတ်လို့ စာရင်းထဲ ထည့်မတွက်တော့ဘူး။

2. Android OS 
ဂူးဂဲလ်နဲ့ ပူးပေါင်းထားတဲ့ ဖုန်းနဲ့ သင်ပုန်းတွေမှန်သမျှ သုံးနေကြတဲ့ စက်လည်ပတ်မှု စနစ်။ အန်ဒရွိုက် (Android OS) ကိုတော့ ဖုန်းနဲ့ သင်ပုန်းတွေရဲ့ ၆၅ ရာခိုင်နှုန်းက သုံးနေကြတယ်လို့ စစ်တမ်းတွေက ဖော်ပြထားတယ်။ အပ်ပယ်လ်ကုမ္ပဏီက လွဲရင် ကျန်တဲ့ ကုမ္ပဏီတွေက အသုံးပြုတဲ့ စနစ်ပါ။ ဆမ်ဆောင်းမှသည် မိုက်ခရိုမက်အထိ သုံးကြတယ်။

3. Windows OS
ဝင်းဒိုး (Windows OS) စက်လည်ပတ်မှု စနစ်ကိုတော့ ခုလောလောဆယ် အသုံး အနည်းဆုံး စနစ်တစ်ခု ဖြစ်နေသေးတယ်။ စမတ်ဖုန်းထဲမှာတော့ Nokia ကုမ္ပဏီထုတ် Lumia 610, 710, 800, 900 စမတ်ဖုန်း ၄-မျိုးနဲ့ Microsof ရဲ့ Surface သင်ပုန်း တစ်မျိုးသာ အသုံးပြုနေသေးတယ်။ (ဂျာမဏီမှာ ပြုလုပ်တဲ့ လျှပ်စစ်ကုန်ပစ္စည်း အရောင်းပြပွဲမှာတော့ ဆမ်ဆောင်းက ATIV Tab သင်ပုန်းနဲ့ ATIV S စမတ်ဖုန်း ၂-မျိုးကို Windows 8 နဲ့ မိတ်ဆက်ပေးထားတယ်။)

Windows OS ကို အသုံးပြုထားတဲ့ နိုကီယာရဲ့ Lumia 800 စမတ်ဖုန်း

ဒီသုံးမျိုးထဲမှာလည်း နှစ်အလိုက် ထုတ်လုပ်တဲ့ စက်လည်ပတ်မှုစနစ်က ကွာခြားသေးတယ်။ ဖုန်းနဲ့ သင်ပုန်း သုံးစွဲသူများ နားအလည်ရ အခက်ဆုံးကတော့ နံပါတ် (၂) ဖြစ်တဲ့ Android OS ပါပဲ။ ဒီ Android OS က အမျိုးအစား စုံလင်တယ်။ ဒီနှစ်ထုတ်လုပ်တဲ့ ဖုန်းနဲ့ သင်ပုန်း ဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ Android OS ကို သုံးချင် သုံးနေတတ်ကြတယ်။

အပ်ပယ်လ် ထုတ်ကုန်ဖြစ်တဲ့ ဖုန်းနဲ့ သင်ပုန်းအတွက်ဆိုရင် အခုသုံးနေတဲ့ စနစ်က ဗားရှင်း iOS 5.1.1 ပါ။ ဒီအမျိုးအစားကတော့ ရှင်းတယ်။ ဘယ်ဖုန်း ဘယ်သင်ပုန်းမဆို နောက်ဆုံးထုတ် ဗားရှင်းကို တန်းပြီး အပ်ဒိတ် လုပ်လို့ရတယ်။ Widows OS ကလည်း ရှင်းတာပါပဲ။ အသုံးနည်းနေသေးတယ်လေ။ လက်ရှိ နိုကီယာဖုန်း သုံးနေတာက Widows 7 တစ်မျိုးထဲ ဖြစ်နေတယ်။ ဒါကြောင့် အသုံးအများဆုံးနဲ့ အရှုပ်ထွေးဆုံးဖြစ်တဲ့ Android OS အကြောင်းကိုပဲ ထပ်ရှင်းပေးပါ့မယ်။

Android OS
အန်ဒရွိုက် (Android) ဆိုတာဟာ ဂူးဂဲလ်နဲ့ အခြားမိတ်ဖက်ကုမ္ပဏီတို့က အိုပင်း-ဟန်းစက်-အလီယန်း (Open Handset Alliance) လို့ ခေါ်တဲ့ အိုအိတ်ခ်ျအေ (OHA) နာမည်နဲ့ ပူးပေါင်းလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပြီး အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်အဆင့် လုပ်ဆောင်ခဲ့ကြတာပါ။ ၂၀၀၅ ခုနှစ်ကတည်းက ဂူးဂဲလ်ကနေ ဆော့ပ်ဝဲလ်လုပ်ငန်း တိုးတက်ရေးအတွက် ဆိုပြီး အန်ဒရိုက် (Android) ကို ထူထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်ကျမှ ဟဒ်ဝဲလ်၊ ဆော့ပ်ဝဲလ်နှင့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ပူပေါင်းလုပ်ဆောင်ကြတယ်။

အန်ဒရွိုက် (Android) ရဲ့ လက်ရှိသုံးနေတဲ့ အိုအက်စ် (OS) ပုံစံ

ဒီအိုအက်စ်ကို မိုဘိုင်းဖုန်းမှာကော သင်ပုန်းမှာပါ အသုံးပြုလို့ရတယ်။ အပ်ပ် (App) တွေကိုတော့ သာဒ်ပါတီလို့ ခေါ်တဲ့ အွန်းလိုင်းစတိုးတွေမှာ အခမဲ့ကော၊ ဈေးချိုချိုနဲ့ကော ဒေါင်းလုတ် ရယူနိုင်ပါတယ်။ အထူးသဖြင့် ဂူးဂဲလ်ပလေ (Google Play) စတိုးမှာပေါ့။ အန်ဒရိုက်ရဲ့ အပ်ပ်တွေ ဘယ်လောက်များသလဲဆိုရင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ အမျိုးအစားပေါင်း ၅-သိန်းအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်သုံး မိုဘိုင်ဖုန်းကော သင်ပုန်းမှာပါ အပ်ပ်တွေကို ဒေါင်းလုတ်ရယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၁၁ ဒီဇင်ဘာလ စာရင်းအရ သန်းပေါင်းတစ်သောင်း (၁၀-ဘီလျံ) တောင် ရှိတယ်ဆိုပဲ။

လက်ရှိအသုံးများနေတဲ့ အန်ဒရွိုက် (Android) ရဲ့ အိုအက်စ် (OS) ကိုတော့ ဂျင်ဂျာဘရိတ် ၂. ၃ (Gingerbread 2.3) ဗားရှင်းရယ်၊ အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) ဗားရှင်းရယ်ပေါ့။ အိုက်စကရင်း ဆန်းဒ၀စ် (Ice Cream Sandwich) ဗားရှင်းကတော့ အဆင့်ဆင့် ရှိသေးတယ်။ အခုအခါမတော့ ဗားရှင်း ၄.၀.၄ ထုတ်လုပ်နေပြီလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ အပိုင်း (၁) မှာ ပထမအဆင့်နဲ့ ဒုတိယအဆင့်တို့ကို တင်ပြခဲ့ပြီ ဖြစ်ပါတယ်။ ပထမအဆင့်မှာ မိုဘိုင်းဖုန်းနဲ့ သင်ပုန်းတို့ရဲ့ အသေးစိတ် အချက်အလက်များကို လည်းကောင်း၊ ဒုတိယအဆင့်မှာ မိုဘိုင်းဖုန်းနဲ့ သင်ပုန်းထဲရှိ အိုအက်စ် (OS) လို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ် အကြောင်းကိုလည်းကောင်း ရှင်းလင်းခဲ့ပါပြီ။ ဒီကနေ့တော့ တတိယအဆင့် ဖြစ်တဲ့ စမတ်ဖုန်း၊ သင်ပုန်းနဲ့ အင်တာနက် အသုံးပြုပုံကို ရှင်းလင်း တင်ပြသွားမှာပါ။

စမတ်ဖုန်း၊ သင်ပုန်းနဲ့ အင်တာနက် အသုံးပြုပုံကို တစ်ဆင့်ချင်း ရှင်းလင်းသွားမှာပါ။ သို့တိုင် အပိုင်း (၁) ဒုတိယအဆင့်မှာ ရှင်းပြခဲ့တဲ့ အိုအက်စ် (OS) ကို သွားပြီး သတိရလိုက်ပါ။ အိုအက်စ် (OS) ဆိုတဲ့ စက်လည်ပတ်မှုစနစ် အမျိုးအစားက ၃-မျိုးတောင် ကွဲပြားနေတယ်။ ဒီအတွက် တစ်ပေါင်းတည်း သိမ်းကျုံးပြီး ရှင်းပြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ၃-မျိုးစလုံးက ကိုယ်စီ သီခြားအသုံးပြုနည်း ရှိနေကြတယ်လေ။

 ဒါကြောင့်မို့ ဒီနေရာမှာ အန်ဒရွိုက် စက်လည်ပတ်မှုစနစ်ကို မဏ္ဍိုင်ထား အခြေပြုကာ တစ်ဆင့်ချင်း ရှင်းသွားမှာပါ။ ပြီးမှ အပ်ပယ်လ်ရဲ့ အိုင်အိုအက်စ် (iOS)၊ ဂူးဂဲလ်ရဲ့ ၀င်းဒိုး (Windows) စနစ်နဲ့ မောင်းထားတဲ့ ဖုန်း၊ သင်ပုန်းတို့အတွက် ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာကို ထပ်ဆောင်း ရှင်းပေးမှာပါ။ ၀င်းဒိုးစနစ်သုံး ဖုန်း၊ သင်ပုန်းဟာ အန်ဒရွိုက် အသုံးပြုပုံနဲ့ ခပ်ဆင်ဆင်ပါ။ ဘာဖြစ်လဲဆိုတော့ အသုံးပြုရတဲ့ App Store က တူနေလို့ပါ။
[အပ်ပယ်လ်ရဲ့ အိုင်အိုအက်စ် (iOS) နဲ့ ထည့်သွင်းအသုံးပြုထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်ရဲ့ အသုံးပြုနည်းကို သီခြား တင်ပြထားပြီး ဖြစ်တယ်။ အခါအားလျှော်စွာ ဆက်လက် တင်ပြဦးမှာပါ။]

 နောက်တစ်ခုက . . . အန်ဒရွိုက်မှာ ဗားရှင်း အများကြီး ရှိနေတာကိုလည်း မမေ့နဲ့ဦး။ အများကြီးထဲမှာမှ ခုခေတ် ဖုန်းနဲ့ သင်ပုန်း တော်တော်များမှာ အသုံးပြုတဲ့ Android 2.3 Gingerbread (ICS) နဲ့ Android 4.0 Ice Cream Sandwich (ICS) တို့ကို အခြေခံကာ တင်ပြသွားပါ့မယ်။

ကဲ.. အောက်ပါ အချက်အလက်များကို အရင်စိစစ်ကြည့်ပါဦး-
၁။ မိမိရဲ့စမတ်ဖုန်းနဲ့ သင်ပုန်းက ဘာတံဆိပ်လဲ
 နိုင်ငံတကာမှာ နာမည်ရနေတဲ့ Nokia, Samsung, Sony, LG, Motorola, BlackBerry, Vodafone တစ်မျိုးမျိုးလား။ အသုံးနည်းပြီး နာမည်မကြီးသေးတဲ့ Asus, Acer, INQ, Dell လား။ တရုတ် ထုတ်ကုန်ဖြစ်တဲ့ HTC, Huawei, Spice, Micromax လား။ အိန္ဒိယထုတ်တဲ့ Olive, Lava, iBall, Karboon လား။ မည်သည့်ဖုန်း၊ သင်ပုန်းရဲ့ အမှတ်တံဆိပ် ဖြစ်နေပါစေ။ အရေးမကြီးပါ။

၂။ မိမိရဲ့ စမတ်ဖုန်းနဲ့ သင်ပုန်းထဲမှာ ဘယ်OS (စက်လည်ပတ်မှုစနစ်) နဲ့  မောင်းနှင်ထားသလဲ
ဒီဟာကသာ အရေးကြီးတယ်။ ဆိုလိုတာက အန်ဒရွိုက် (Android) စနစ် ဖြစ်ကို ဖြစ်နေရမယ်။ (အခု အသုံးပြုနည်းအတွက်နော်။) Android 2.3 ဗားရှင်းဖြစ်တဲ့ Gingerbread (Gb) ဖြစ်ဖြစ်။ Android 4.0 ဖြစ်တဲ့ Ice Cream Sandwich (ICS) ဗားရှင်းပဲ ဖြစ်ဖြစ် တစ်ခုခုပေါ့။ (နောက်ဆုံးပေါ်တဲ့ Android 4.1 Jelly Bean လည်း ဒီအသုံးပြုနည်းထဲမှာ အကျုံးဝင်ပါတယ်။)

Ice Cream Sandwich နဲ့ အသုံးပြုထားတဲ့ Samsung Galaxy 2 

၃။ စမတ်ဖုန်းနဲ့ SIM ကဒ်ပါတဲ့ သင်ပုန်းရဲ့ ခြားနားချက် 
စမတ်ဖုန်းထဲမှာ SIM ကဒ် ထည့်လိုက်တာနဲ့ (အင်တာနက် ချိတ်ထား/ မထား) ဖုန်းနံပါတ်နဲ့ ဖုန်း တန်းဆက်နိုင်တယ်။ ပုံမှန် ဖုန်းအလုပ် ဖြစ်တဲ့ ခေါ်ပြောကို လုပ်နိုင်တယ်ပေါ့။ သင်ပုန်းမှာတော့ SIM ကဒ် ထည့်ထားသည့်တိုင် ဖုန်းနံပါတ်နဲ့ ဖုန်းကောက်ဆက်လို့ မရပါ။ ဖုန်း ခေါ်ပြော မရပါ။ သင်ပုန်းထဲမှာ SIM ကဒ် ထည့်ထားတဲ့ ရည်ရွယ်ချက်ကိုက အင်တာနက် ကွန်ယက် တိုက်ရိုက် ချိတ်ဆက်ဖို့ တစ်ခုတည်း အတွက်ပါ။ SIM ကဒ် မပါတဲ့ သင်ပုန်း အမျိုးအစားဆိုရင် လက်တော့ပ်ကွန်ပျူတာနဲ့ မထူးခြားတော့ဘူး။ အင်တာနက်ကို ၀ိုင်ဖိုင်ကနေပဲ သုံးလို့ ရမှာကိုး။ (ဖုန်းခေါ်ပြောလို့ ရတဲ့ Samsung Galaxy Note နဲ့ အချို့ Note တွေဟာ သင်ပုန်း နာမည်ပေးထားပေမယ့် အမျိုးအစား ခွဲခြားလိုက်ရင် ဖုန်းစာရင်းထဲ ပါဝင်သွားမှာ။)

၎။ စမတ်ဖုန်းနဲ့ သင်ပုန်း (SIM ကဒ် ပါ/ မပါ) ရဲ့ တူညီချက် 
ဝိုင်ဖိုင်ကနေ တစ်ဆင့် အင်တာနက်ကွန်ယက်နဲ့ ချိတ်ဆက်ပြီး အသုံးပြုတဲ့အခါမှာပေါ့။

၅။ SIM ကဒ် ပါမြဲဖြစ်တဲ့ စမတ်ဖုန်း၊ SIM ကဒ် ပါပါ / မပါပါ သင်ပုန်း
ဒီဖုန်းနဲ့ သင်ပုန်း ၂-မျိုးလုံးမှာ အင်တာနက် ကွန်ယက် အသင့် ရှိနေရပါမယ်။ အင်တာနက် ကွန်ယက်လို့ ပြောတာနဲ့ SIM ကဒ်ကနေ တိုက်ရိုက် ဖွင့်ထားတာပဲ ဖြစ်ဖြစ်၊ ၀ိုင်ဖိုင်ကနေ တစ်ဆင့် လွင့်ထားတဲ့ အင်တာနက် ကွန်ယက်ကို ဖမ်းပြီး ယူတာပဲ ဖြစ်ဖြစ် တစ်မျိုးမျိုးပေါ့။ အင်တာနက်နဲ့ ချိတ်ကို ချိတ်ထားရပါ့မယ်။

သိသင့်သိထိုက်တာတွေကို သိရှိပြီးရင် လက်တွေ့ အသုံးပြုနည်းတွေကို ဆက်လေ့လာကြရအောင်ပါ-
A.Power On (ဖုန်း/ သင်ပုန်းကို ဖွင့်ပါ) ဖုန်း၊ သင်ပုန်းကို ပါဝါဖွင့်လိုက်တာနဲ့ မူလ-မျက်နှာပြင် (Home Screem) ပေါ်လာမယ်။ တကယ်လို့ Lock (သော့ပိတ်) ထားရင် သော့ခလောက်ကို လက်ညှိုးလေးနဲ့ ဘေးသို့ ဆွဲလိုက်ပါ။ ဒါကို Slide လုပ်တယ်လို့ ခေါ်တယ်။

B.Sign In with Google Account
Android က Google နဲ့ ချိတ်ဆက် အသုံးပြုထားသဖြင့် ဖုန်း၊ သင်ပုန်းနဲ့ အင်တာနက်ကို အသုံးပြုဖို့ရာ Sign In (ဆိုင်းအင်း) လုပ်ကို လုပ်ရပါ့မယ်။ ဒါမှ G-mail, G-talk အပါအ၀င် လူမှုရေး ၀က်ဆိုက်တွေကို ချက်တင် လုပ်၊ မွှေနှောက် ရှာဖွေနိုင်မှာပါ။
Sign In (ဆိုင်းအင်း) လုပ်ချင်ရင်-
 ID= (မေးလ်အကောင့်) ရိုက်ထည့်ပါ။(G-mail အကောင့်နော်။)
Password= (လျှို့ဝှက်ဂဏန်း) ရိုက်ထည့်ပါ။
Next. (ရှေ့ဆက် သွားပါ)

Google အကောင့်ပုံစံ
ပြီးရင်
Location (အသုံးပြုတဲ့ နိုင်ငံ)
Backup (သိမ်းဆည်းထားခြင်း)
Date and Time ( အချိန်၊ နေ့စွဲ) တို့ကို ပြန်ရွေး ရပါတယ်။
(ဒီလို ရွေးချယ်လိုက်မှသာ လက်ရှိ မိမိသုံးနေတဲ့ နိုင်ငံရဲ့ ဒေသစံတော်ချိန်၊ ရက်စွဲနဲ့တကွ သတင်း အချက်အလက်တွေ မှန်ကန်မှာပါ။၊) အထက်ပါ အချက်အလက်တွေကို ဖြည့်ပြီးတာနဲ့ မူလမျက်နှာ (Home Screem) ပေါ်လာမှာပါ။

C.မူလမျက်နှာ (Home Screen) 
ဖုန်း၊ သင်ပုန်းမှာ လုပ်လို့ ရတဲ့ လုပ်ဆောင်ချက် မှန်သမျှကို မူလမျက်နှာ (Home Screem) မှာ ထည့်ပေးထားလေ့ ရှိတယ်။ မူလမျက်နှာ (Home Screen)ကို အပိုင်း (၄) ပိုင်းနဲ့ ခွဲလိုက်ရအောင်။
(၁) ကွန်ယက်နဲ့ဆိုင်တဲ့ အချက်အလက် ဘားတန်း။
(၂) ၀က်ဆိုက် ရှာဖွေရာ Google (g) serach အကွက်။
(၃) အသုံးချစရာ Apps များ။
(၄) လုပ်ဆောင်ချက် အကျဉ်းများ စုစည်းရာ ဘားတန်း- ဆိုပြီး ခွဲနိုင်ပါတယ်။

၎-မျိုးတို့ကို တစ်ခုချင်းစီ ရှင်းရရင်-
(၁) ဖုန်းစကရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ “ကွန်ယက်နဲ့ဆိုင်တဲ့ အချက်အလက် ဘားတန်း” မှာ မေးလ်၊ မက်ဆေ့၊ ဖုန်းလိုင်း (3G/E/ WiFi)၊ ဘက္ထရီအား၊ နာရီတို့ကို ပြသတဲ့ပေးတဲ့ ဘားတန်း ဖြစ်ပါတယ်။ ဘားတန်းပေါ်ကို လက်ညှိုးနဲ့ ထောက်ပြီး အောက်ဘက်သို့ ဆွဲချခြင်းဖြင့် မေးလ်တွေ၊ အတိုမက်ဆေ့တွေ၊ ကြေညာတွေ တွေ့ရမှာပါ။ မိမိတို့ ဒေါင်းချ (Dowload) နေတဲ့ ဆော့ဝဲလ်၊ ဖိုင်တွေကိုလည်း ဒီဘားတန်းမှာ လာပြပေးပါလိမ့်မယ်။

(၂) မသိသေးတဲ့ ၀က်ဆိုက်၊ အတိအကျ သိထားတဲ့ ၀က်ဆိုက်တို့ကို ရှာဖွေတဲ့အခါမှာ နံပါတ် (၂) ဖြစ်တဲ့ “ရှာဖွေရာ Google (g) serach” အကွက်မှာ စာလုံး ရိုက်ထည့်ပြီး ရှာရပါတယ်။ စာရိုက်နည်းကတော့- လွတ်နေတဲ့ (လေးဒေါင့် ရှည်မျောမျော) အကွက်မှာ လက်ညှိုးနဲ့ တစ်ချက် ထောက်လိုက်ပါ။ စာရိုက်မယ့် ကီးဘုတ် ပေါ်လာလိမ့်မယ်။ ကီးဘုတ်ပေါ်က စာလုံးကို ရွေးပြီး စာစီလိုက်ပါ။ ကြားထဲမှာ ဂဏန်းတို့ကို ထည့်ရိုက်လိုပါက ကီးဘုတ်ရဲ့ ညာဘက်ဒေါင့်ရှိ (123) အကွက်ကို နှိပ်လိုက်ပါ။ စာလုံးအကြီး (Capital Letter) လိုအပ်ပါက အပေါ်သို့ ထောင်တက်နေတဲ့ မျှားအကြီး (Shift) ကို နှိပ်လိုက်ပေါ့။ ပြီးရင် Go သို့မဟုတ် ရှေ့သို့မျှားကို ထပ်နှိပ်လိုက်ပါ။ အင်တာနက် လည်နေပါ့မယ်။ ခဏစောင့်ပါ။ စာစီထားတဲ့အတိုင်း ၀က်ဆိုက်နာမည်စာရင်းတွေ တသီတတန်းကြီး ထွက်လာလိမ့်မယ်။

ဖုန်းရဲ့ စကရင်းပေါ်  မြင်ရတဲ့ အနေအထား ၄-ပိုင်း 


(၃) “အသုံးချစရာ Apps များ” ဆိုတဲ့အတိုင်း သုံးစရာတွေက များမှများ၊ နေ့စဉ်မှတ်စု App၊ အဘိဓာန် App၊ ဂိမ်း App၊ လူမှုရေး ချက်တင် App၊ သတင်း App၊ တီဗီ App၊ ဗီဒီယို App- စသည်ဖြင့် Appတွေက ပေါမှပေါ။ App ဆိုတာ Application ကို အတိုကောက် ခေါ်ပြီး၊ သုံးဖို့ အိုင်ကွန်လို့ပဲ မှတ်ထားလိုက်ပါ။ App တစ်ခုကို လိုချင်တယ်ဆိုရင် လုပ်နည်းက အဆင့် ၃-ဆင့် ရှိပါတယ်။
1. သုံးမယ့် App ကို ရှာဖွေရတယ်။
2. ဒေါင်းချ (Download) ယူရတယ်။
3. မောင်းထည့် (Install) ရတယ်။

ဒီအဆင့် ၃-ဆင့် လုပ်ဆောင်ပြီးမှသာလျှင် App တစ်ခုကို ရမယ်။ ဘာ App ပဲဖြစ်ဖြစ် ဒီနည်းလမ်း ၃-မျိုးနဲ့သာ လုပ်ဆောင်ရတယ်။ ပုံသေသာ မှတ်လိုက်ပေါ့။

 (၄) မူလမျက်နှာ (Home Screem) ရဲ့ အောက်ဆုံးမှာ ရှိနေတဲ့ ဘားတန်းကို “လုပ်ဆောင်ချက် အကျဉ်းများ စုစည်းရာ ဘားတန်း” လို့ ခေါ်တယ်။ ဒီဘားတန်းမှာ ရှေ့ဆုံးမှာ ဖုန်းလက်တံ (Call)၊ အလယ်မှာ ကျားကွက်များ (Menu) နဲ့ နောက်ဆုံးမှာ ၀က်ဘရောက်ဆာ (Web Page Brower) ဆိုပြီး ၃-ခု တန်းစီထားတယ်။ ဖုန်းလက်တံကို ရွေးရင် ဖုန်းဆက်ဖို့ပဲပေါ့။ အလယ်မှာ ရှိနေတဲ့ ကျားကွက်ကိုတော့ မီနူ (Menu) လို့လည်း ခေါ်ကြတယ်။

နံပါတ် (၄) ဖြစ်တဲ့ ဒီအောက်ဆုံး ဘားတန်းဟာ စမတ်ဖုန်း (သို့မဟုတ်) သင်ပုန်းတစ်လုံးရဲ့ အခရာပါပဲ။ ဒီဘားတန်းက လုပ်ဆောင်ချက်၊ လုပ်ကွက် အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဘယ်လို ဆက်စပ်သလဲဆိုရင် အင်တာနက်ကနေ ဖုန်းကို အခမဲ့ ခေါ်လို့ရနေတဲ့ Viber ကိုပဲ ကြည့်ပေါ့။ Viber ဟာ App တစ်ခု ဖြစ်ပြီး ဖုန်း (သို့မဟုတ်) သင်ပုန်းထဲသို့ ထည့်ပြီး အသုံးပြုရတယ်။

ထည့်ကြည့်ရအောင်-
Viber ရဲ့ လုပ်ဆောင်ပုံ အဆင့်ဆင့်
(က) အောက်ဆုံး ဘားတန်းမှာရှိတဲ့ အလယ်အကွက် (Menu) ကို ရွေးနှိပ်လိုက်ပါ။ ( အိုင်ကွန် (ရုပ်ပုံ သေးသေးလေး) အများကြီး ပေါ်လာမယ်။ အဲဒီအထဲကမှ)
(ခ) Play Store (လက်ကိုင် ဆွဲခြင်းပုံစံ) ကို ရွေးနှိပ်လိုက်ပါ။ Google Play ၀က်ဆိုက် ရောက်သွားလိမ့်မယ်။ အဲဒီမှာ Viber လို့ ရိုက်ပြီး ရှာလိုက်ပါ။ Viber – Free calls, Free text messages, photo and location စသည့် စာသားပါဝင်တဲ့ ဘားတန်းကို နှိပ်လိုက်ပါ

(နောက်တစ်နည်းကတော့)
1Mobile Market > Application သို့ တစ်ဆင့်ချင်း သွားပါ။ ပြီးရင်
Search (မှန်ဘီလူး ပုံစံကို) နှိပ်ပါ။ ပြီးရင်
Viber လို့ ရိုက်ထည့်လိုက်ပါ။
၂-နည်းလုံးကိုတော့ အောက်ပါ ပုံစံနဲ့ပဲ ထွက်လာမှာပါ။

Google Paly Store သို့ ရောက်ပြီး Viber ကို မြင်ရပုံ
(ဂ) အကွက်ထဲမှာရှိတဲ့ စာသားပေါ် တစ်ချက်နှိပ်ပါ။ ခဏစောင့်ပါ Download လုပ်ပေးနေလိမ့်မယ်။ ပြီးစီးသွားရင် Done ဆိုတဲ့ စာသား ပေါ်လာလိမ့်မယ်။

(ဃ) အဲဒီ ဒေါင်းဆွဲ (Download) ထားတဲ့ Viber Software ကို ဖုန်းစကရင်းရဲ့ ထိပ်ပိုင်းဘားတန်းမှာ ပေါ်နေလိမ့်မယ်။ အောက်သို့ ဆွဲချပြီး ဖုန်း၊ သင်ပုန်းထဲ မောင်းထည့်လိုက်ပါ။ (ဒီနေရာမှာ ရှာမတွေ့ပါက)
ကျားကွက်ဖြစ်တဲ့ Menu > Setting > Application > Viber အဆင့်ဆင့်နှိပ်ပြီး ရှာပါ။ တွေ့ပါက

(င) Viber ကို ဖုန်း၊ သင်ပုန်းထဲသို့ (Install) မောင်းထည့်လိုက်ပါ။

(စ) Install မောင်းထည့်နည်းကား-
(စ၊ ၁) Viber ဆိုတဲ့ App ပေါ်မှာ တစ်ချက် နှိပ်ပါ။
(စ၊ ၂) Continue ကို ဆက်နှိပ်ပါ။

ပုံကို ကြည့်ပြီး လုပ်သွားပါ
(စ၊ ၃) Install မောင်းထည့်နေပါ့မယ်။ ခဏစောင့်ပါ။
(စ၊ ၄) Country နေရာမှာ Afghanistan ဖြစ်နေတတ်တယ်။ A အက္ခရာနဲ့ စတင်တဲ့နိုင်ငံမို့လို့ပါ။ ဒီနေရာမှာ Myanmar လို့ အစားထိုးလိုက်ပါ။ (အောက်စိုက်နေတဲ့မျှားကို တစ်ချက် ကလစ်ပြီး +95 ကိုရှာပါ။ (ဒါက မြန်မာကုဒ်ပဲ။)

ပုံကို ကြည့်ပါ 

(စ၊ ၅) OK နှိပ်ပါ။
(စ၊ ၆) မိမိရဲ့ ကိုယ်ပိုင် ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ (ဥပမာ-09XXXXX24)

ပုံကို ကြည့်ပါ 

(စ၊ ၇) ဖုန်းနံပါတ်ကို ပြန်စစ်ခိုင်း (Phone Number Verification) တဲ့အခါ Approve ကို ဆက်နှိပ်ပါ။
(စ၊ ၈) Waiting for SMS Messeage ဆိုတဲ့ စာသား အရင်ပေါ်လာမယ်။
ခဏစောင့်ပါဦး (အလုပ်လုပ်နေတုန်းပါ။)
တစ်အောင့်အကြာ နောက်ထပ် ဇယားတစ်ခု ပေါ်လာမယ်။ ကုဒ်နံပါတ် ထည့်ဖို့အတွက်ပါ။

(စ၊ ၉) SMS နဲ့ ပို့ပေးလာတဲ့ ကုဒ်နံပါတ် ၄-လုံးကို ရိုက်ထည့်လိုက်ပါ။ (ဒါက နိုင်ငံတကာအတွက်နော်။)

ပုံကို ကြည့်ပါ 
(ဒါပေမယ့် မြန်မာနိုင်ငံ အတွက်တော့ ကုဒ်နံပါတ်ကို ချက်ချင်း ပို့မပေးတဲ့အတွက် အဆင့် (စ၊ ၉) မှာ ကုဒ်နံပါတ် ထည့်လို့ မရသေးပါ။)
ဒါကြောင့်လည်း Click here ကိုသာ ရွေးနှိပ်ပါ။
 Click Here နှိပ်လိုက်တဲ့အခါ နောက်ထပ် ဇယားတစ်ခု ထပ်ကျလာမယ်။ ခဏစောင့်ပါဦး။

(စ၊ ၁၀) Get Code ဆိုတဲ့ နောက်ထပ် စာတန်းတစ်ခု ပေါ်လာရင် Get Code စာသားပေါ် ကလစ်လိုက်ပါ

ပုံကို ကြည့်ပါ 

Please wait . . . You are about to recieve . . . . စတဲ့ စာတန်းပါ ဇယားတစ်ခု ကျလာရင် စောင့်နေလိုက်ပါ
SMS (အတိုကောက် မက်ဆေ့) လာတဲ့အထိ စောင့်ပါ။
(မြန်မာနိုင်ငံအတွက် SMS (အတိုကောက် မက်ဆေ့) ပို့မလာဘဲ၊ မိမိရဲ့ဖုန်းဆီကို အသံနဲ့ အော်တို ဖြေပေးမယ်။ ဖုန်းကနေ ကြားနေရတဲ့ အသံကို သေသေချာချာ နားထောင်ပါ။ ဂဏန်း ၄-လုံးပါပဲ။)

(စ၊ ၁၁) Enter Viber ဆိုတဲ့ ဇယားတစ်ခုမှာ ကြားရတဲ့ ဂဏန်း ၄-လုံးကို ရိုက်ထည့်ပါ။ (ဥပမာ-6173)။

ပုံကို ကြည့်ပါ 

ဒါဆိုရင် Viber မောင်းထည့်ခြင်း လုပ်ငန်း အဆင့်ဆင့် ပြီးသွားပါပြီ။ Viber ကို ဖွင့်သုံးလို့ ရသွားပါပြီ။ ဖုန်းပဲ ခေါ်ခေါ်၊ ချက်တင်ပဲ လုပ်လုပ်ပေါ့။

မှတ်ချက်။ နိုင်ငံတကာမှာတော့ Viber ကို ထည့်သွင်းတဲ့အခါမှာ အမှတ်စဉ် (စ၊ ၁၀) နဲ့ (စ၊ ၁၁)တို့ မပါဝင်ပါ။ ဒီအဆင့် ၂-ဆင့်ကို လုပ်စရာ မလိုဘူးလို့ သိရပါတယ်။

(ဆ) Viber အသုံးပြုနည်း
(ဆ၊ ၁) မူလမျက်နှာထဲ (Home Screen) က ကျားကွက် Menu ကို နှိပ်လိုက်ပါ။
 ပြီးရင်- Setting > Application > Viber အဆင့်ဆင့် နှိပ်ပြီး ရှာပါ။ တွေ့ပါက ခဏလေး ဖိထားပေးပါ။ အဲဒါဆို မူလမျက်နှာ (Home Screen) မှာ လာပေါ်ပေးလိမ့်မယ်။ (အိုင်ကွန်တစ်ခုခုကို Destop မှာ တင်လိုပါက Send to နဲ့ ပို့လိုက်သလိုပဲပေါ့။)

(ဆ၊ ၂) Open Viber (Viberကို ဖွင့်လိုက်ပါ။

Viber ကို အသုံးပြုပြီး ဖုန်းနဲ့ ခေါ်ဆိုပုံ (ညာ) စာနဲ့ ချက်တင် လုပ်ပုံ (ဘယ်)
(ဆ၊ ၃) Viber ရဲ့ ထိပ်ပိုင်းမှာ All, Missed, Clear ဆိုပြီး ၃-မျိုး ရှိတယ်။
 အ၀င်/ အထွက် ခေါ်ထားတဲ့ နံပါတ်မှန်သမျှကို All ထဲမှာ ပေါ်နေပြီး၊ မိမိ မကိုင်လိုက်ရတဲ့ ဖုန်းခေါ်ကို Missed မှာ သွားရှာယူနိုင်တယ်။ အ၀င်/ အထွက် အခေါ်မှန်သမျှကို ဖျောက်ဖျက်လိုပါက Clear ကိုသာ နှိပ်လိုက်ပါ။ (မူရင်း Contacts မှာ သိမ်းထားတဲ့ ဖုန်းနံပါတ် ပျောက်မသွားပါ။)

Viber ရဲ့ အောက်ခြေမှာတော့ Massages, Recends, Contacts, Keypad More… တို့ ၅-မျိုး ပါဝင်ပါတယ်။ ၅-မျိုးထဲမှာ စကားပြောပုံစံ အကွက် ၂-ကွက်နဲ့ Massages ကို ရွေးနှိပ်ပါက အတိုမက်ဆေ့လေးတွေ လှမ်းပို့နိုင်ပါတယ်။ ချက်တင်အတိုင်း အပြန်အလှန် ရိုက်ပြီး ပေးပို့နိုင်ကြတယ်။ နာရီပုံစံ Recends မှာတော့ လက်ရှိ ဖုန်းအ၀င်/ ထွက်/ မက်ဆေ့ အ၀င်/ အထွက်တွေကို ပြပေးပါတယ်။ Contacts ကတော့ ဖုန်းစာအုပ်ထဲမှာ မှတ်ထားတဲ့ နံပါတ်၊ အမည်တွေကို ဖော်ပြပေးတယ်။ ကျားကွက်နဲ့ Keypad ကိုတော့ သိမ်းမထားရသေးတဲ့ ဖုန်းနံပါတ်တွေကို ဂဏန်းရိုက်ပြီး ခေါ်ဖို့ပါ
 နောက်ဆုံးဖြစ်တဲ့ More… ကိုတော့ လုပ်ဆောင်ချက် အများအပြားနဲ့ စုဖွဲ့ထားတယ်။ ဖုန်းဂဏန်းနဲ့ လူ တွဲမှတ်မိအောင် လူတစ်ယောက်ကို ဓာတ်ပုံရိုက်ပြီး ဖုန်းနဲ့ တွဲမှတ်လို့ ရတယ်။ နောက်ထပ် အကောင့် တစ်ခု ထပ်ဖွင့်ချင်သေးသပ ဆိုလည်း ရသေးတာပဲ။

ဝင်းဒိုး (Windows)
ဝင်းဒိုး (Windows) စနစ်နဲ့ မောင်းထားတဲ့ စမတ်ဖုန်း၊ သင်ပုန်းတွေမှာ Viber ကို ဒေါင်းဆွဲလို့ ရတယ်။ Install မောင်းထည့်လို့ ရတယ်။ ဒါပေမယ့် အသုံးပြုလို့ မရဘူး။ ဘာဖြစ်လဲဆိုတော့ Enter Code မှာ ရိုက်ထည့်ဖို့ ဂဏန်း ၄-လုံး ပို့မလာတဲ့အတွက်ကြောင့်ပါ။ အမေရိကန်နိုင်ငံက လွဲရင် ကျန်တဲ့ နိုင်ငံတွေမှာ လောလောဆယ် အသုံးပြုလို့ မရသေးပါ။
Windows ဖုန်းဖြစ်တဲ့ Nokia Lumia 610, 7200, 800 ထဲမှာ Viber သုံးလို့ မရသေးပါ။

အိုင်အိုအက်စ် (iOS)
အပ်ပယ်လ်ရဲ့ အိုင်အိုအက်စ် (iOS) နဲ့ မောင်းနှင်ထားတဲ့ အိုင်ဖုန်း(iPhone) အမျိုးမျိုး၊ အိုင်ပက် (iPad) ၂-မျိုးလုံးတို့မှာ Viber ကို အသုံးပြုလို့ ရတယ်။ Install မောင်းထည့်ပုံလည်း အတူ၊ အသုံးပြုပုံနည်း ထပ်တူထပ်မျှပါပဲ။ ဒါပေမယ့် ရှာတဲ့နည်းကသာ ခြားနားသွားတယ်။

ရှာနည်းကား-
1.မူလမျက်နှာထဲ (Home Screen) မှာ ရှိနေတဲ့ App Store (A-အကြီးပုံစံ) ကို ရွေးနှိပ်လိုက်ပါ။
2.အောက်ခြေရှိ Search (မှန်ဘီလူး ပုံ) ကို နှိပ်လိုက်ပါ။ (ပေါ်လာတဲ့ စာမျက်နှာ အလွတ်အကွက်မှာ တစ်ချက်နှိပ်ပါ။ စာရိုက်ဖို့ ကီးဘုတ် ပေါ်လာမယ်။)
3.Viber လို့ စာစီလိုက်ပါ။(ပေါ်လာတဲ့ Viber- free phone call & text ကို ရွေးလိုက်ပါ။ ခရမ်းရောင်နဲ့ Viber ဆိုတဲ့ App ပေါ်လာမယ်။)
4.Viber ဆိုတဲ့ App အပေါ် ကလစ်တစ်ချက် နှိပ်ပါ
5.Viber ဘေးနားရှိ INSTALL ဆိုတဲ့ စာသားပေါ် ကလစ်တစ်ချက် နှိပ်ပါ။
ခဏစောင့်ပါ။ ဒေါင်းဆွဲ (Downlaod) နေလိမ့်မယ်။

ပြီးသွားရင် အောက်ဖော်ပြပါပုံအတိုင်း Install မောင်းထည့်လိုက်ရုံသာ-


ထည့်သွင်း ပြီးသွားရင် iOS အတွက် Viber ကို Android ရဲ့ Viber အတိုင်း သုံးလို့ ရပါပြီ။

အထက်ဖော်ပြပါ နည်းလမ်းတွေဟာ စမတ်ဖုန်းနဲ့ သင်ပုန်းထဲသို့ ထည့်သွင်းပြီး အသုံးပြုရတဲ့ နည်းထဲက တစ်နည်းပါ။ ဒါပေမယ့် ဒီနည်းက အနည်းငယ် ခက်ခဲတဲ့ နမူနာတစ်ခု ဖြစ်ကောင်းဖြစ်မှာပါ။ ကျန်တဲ့ အခြား App များစွာတို့က ဒီလောက် မခက်ခဲတော့ပါ။ ဒါကြောင့်လည်း မိမိတို့ဘာသာ ဒီနမူနာကို ယူပြီး ဆက်လက် လေ့လာကြည့်ပါလို့ တိုက်တွန်း ပါရစေ။ ကြုံရင် ကြုံသလို ထပ်ရေးပေးပါဦးမည်။

Post a Comment

 
Top