သြဂုတ်လအတွင်း
မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးရန် ကတိပေးအပ်ထားသည့် Ooredoo
ကုမ္ပဏီသည် လုပ်ငန်းမစတင်မီ ၎င်းတို့၏ ကိုယ်စားလှယ်များနှင့်အတူ
အသစ်ရောင်းချပေးမည့် ဆင်းမ်ကတ်များကို စမ်းသပ်အသုံး ပြုနေသည်ဟု သိရသည်။
Ooredoo
ဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကွန်ရက်နှင့် ချိတ်ဆက်၍ လက်တွေ့စမ်းသပ် အသုံးနေပြီး စက်တင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်းများ ချထားပေးရန် ကတိပေးအပ်ထားသည့် Telenor ကုမ္ပဏီ၏ မို ဘိုင်းဆင်းမ်ကတ်များမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကွန်ရက်နှင့်ချိတ်ဆက်၍ စမ်းသပ်နေခြင်းမရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူးတစ်ဦး ကပြောသည်။
“ကွန်ရက်ဖြန့်ကျက်တဲ့အခါ အဆင်ပြေအောင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ငန်းမစတင်ခင်မှာ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး စမ်းသပ်ခေါ်ဆိုမှုတွေ လုပ်စေခဲ့တာပါ” ဟု Ooredoo မှပြောရေးဆိုခွင့်ရှိသူ မသီရီကြာညိုကပြောသည်။ စမ်းသပ်သုံးစွဲခွင့်ပြုထားသည့် ကိုယ်စားလှယ်များအနေဖြင့် ခေါ်ဆိုမှုလိုင်းကောင်းခြင်း ၊ မကောင်းခြင်းနှင့် ပတ်သက်၍ လူကိုယ်တိုင်သော်လည်းကောင်း Content စင်တာမှသော်လည်းကောင်း အကြံပြုရန်ဖိတ်ခေါ်ထားသည်ဟု သိရသည်။ “ဒါမှလည်း ဘယ်နေရာတွေ မှာ ဖြေရှင်းရမယ်ဆိုတာသိပြီး ဒီနှစ်ရဲ့တတိယသုံးလပတ်အတွင်း စတင်မိတ်ဆက်တဲ့အခါမှာ အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးနိုင်မှာလည်းဖြစ်ပါတယ်” ဟု မသီ ရိကြာညိုက ပြောသည်။
Ooredoo သည် ၎င်းတို့အနေဖြင့် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချသည့်အခါ တစ်နိုင်ငံလုံး အနှံ့အပြားကို ရောင်းချပေးမည် မဟုတ်ဘဲ ၎င်းတို့ကွန်ရက် တည်ရှိရာမြို့ကြီးများ၌ စတင်ရောင်းချပေးသွားမည်ဖြစ်သည်။ စတင်ရောင်းချပေးမည့် ဒေသအမည်များကို Ooredoo ကထုတ်ဖော်ပြောကြားခြင်း မရှိသေးသည့်အပြင် ဘီလ်နှုန်းထားအရ အတိအကျသက်မှတ်ပေးခြင်းများ ၊ အင်တာနက်အမြန်နှုန်းနှင့် အခြားသောအချက်အလက်များကိုလည်း စတင်ရောင်းချရန် အချိန်နီးကပ်လာမှသာ ပြောကြားပေးမည်ဟု ဆိုသည်။ 3G ကွန်ရက်အသုံးပြုသည့် မိုဘိုင်းဖုန်းလိုင်းများကို စတင်ရောင်းချပေးမည်ဟု ကြေညာခဲ့သည့် Ooredoo ၏ မိုဘိုင်းဖုန်းလိုင်းကို စမ်းသပ်အသုံးပြုသည့်အခါ လိုင်းအမြန်နှုန်း အထူးကောင်းမွန်နေသည့်အပြင် အင်တာနက်အမြန်နှုန်းမှာလည်း အထူးကောင်းမွန်နေကြောင်း အသုံးပြုနေသည့် ကိုယ်စားလှယ်များက ၎င်းတို့၏ဆိုရှယ်ကွန်ရက်ပေါ်၌ ရေးသားခဲ့ကြသည်။

Post a Comment